မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေပစ္စည်းများပေးအပ်

မြစ်ကြီးနား မေ ၂၃

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နောင်းပုံကျေးရွာ စိန်ယောဟန်စခန်း၌ မြို့နယ်အတွင်းရှိ IDPs စခန်း (၃)ခုမှ မူလကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား ယနေ့ နံနက် (၉)နာရီက သွားရောက် တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။

ထို့သို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား မိမိတို့၏ ညီအစ်ကိုမောင်နှမများ အနေဖြင့် လုံခြုံရေးအခြေအနေအရ မူလနေရပ်ကျေးရွာများကို စွန့်ခွာကာ ယာယီခိုလှုံရာ စခန်းများတွင် (၁၀)စုနှစ်ကျော်ကြာ နေထိုင်ခဲ့ကြရပါကြောင်း၊ ယနေ့ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြ မည်ဖြစ်သည့်အတွက် မိသားစုများ၏ ဘဝခိုင်မာတည်ငြိမ်စွာ ရပ်တည်နေထိုင်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အတူတကွ ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လတ်တလောစားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့ပေးအပ်ခြင်းဖြစ်သလို နေထိုင်ရာ ကျေးရွာများတွင်လည်း လိုအပ်ချက်များကို ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက နန့်ကွေ့စိန်ယောဟန်စခန်း၊ ပလနစိန့်ဂျိုးဇက်စခန်းနှင့် မြို့သစ်ကြီးဂျာမိုင်ကောင်း နှစ်ခြင်းစခန်းတို့မှ မူလနေရပ်ကျေးရွာများဖြစ်သည့် တာလောကြီး၊ ဟိုကပ်ကျေးရွာများသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၂၅)စု၊ လူဦးရေ ၁၂၃ ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့မှ ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေကျပ် (၁)သိန်းစီ၊ ဆန် (၁)အိတ်၊ ဆီ (၁)ပိဿာစီဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးငွေကျပ် ၄၆၇၅၀၀၀၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာ(၁)လစာ၊ ပြောင်းရွှေ့စရိတ် (၁)သိန်းစီနှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၅၁၂၁၂၇၅ နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မိသားစုကျန်းမာရေးသုံးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ IDPs စခန်းများမှ မိသားစုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)