ဗန်းမော် မေ ၂၃
ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် နွေရာသီဖလား (SUMMER CUP)အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဗန်းမော်ခရိုင် ပြည်သူ့အားကစားကွင်းတွင် မေလ ၂၂ ရက် ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နောင်ခိုအသင်းနှင့် K-SEVEN အသင်းတို့ အကြိတ်အနယ်ယှဥ်ပြိုင်ကစားကြရာ K-SEVEN အသင်းက နောင်ခိုအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရပြီး ပထမဒိုင်းဆုကို ရရှိသွားသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းကို ကျင်းပရာ ပထမ၊ ဒုတိယရရှိသည့် အသင်းများအား ဆုဖလား၊ ဆုငွေနှင့် လည်ဆွဲပြားများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ ပထမဆု ရရှိသည့် K-SEVEN အသင်းအား ဆုဖလားနှင့် ဆုငွေ၊ လည်ဆွဲများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။
ဗန်းမော်ခရိုင် ဌာနပေါင်းစုံအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဗန်းမော်ခရိုင်အတွင်းရှိ ဘောလုံးဝါသနာရှင်များကို မြေတောင်မြှောက်ပေးပြီး ခရိုင်အဆင့်မှသည် ပြည်နယ်၊ ပြည်နယ်အဆင့်မှသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်လာစေရေး ရည်ရွယ်၍ ဗန်းမော်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (ဗန်းမော်ခရိုင်)နှင့် ဗန်းမော်မြို့ဘောလုံးလက်ရွေးစင်ဟောင်းများ ပူးပေါင်းကာ (၁၀.၅.၂၀၂၃) ရက်နေ့ကစတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗန်းမော်ခရိုင်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)