မြစ်ကြီးနား မေ ၂၄
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့၏ မူလနေရပ် ကျေးရွာများဖြစ်သည့် ဝိုင်းမော်မြို့နယ် ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန် ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်လျက်ရှိရာ အဆိုပါ နေရပ်ပြန်မိသားစုများ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၃ ရက် မွန်းလွဲ ၁ နာရီက ဒဘတ်ယန်ကျေးရွာ နှစ်ခြင်း ဘုရားရှိခိုးကျောင်း၌ ကျေးရွာများမှ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံသည်။
ထို့သို့တွေ့ဆုံစဉ် ကျေးရွာ(၃)ရွာကိုယ်စား ဒဘတ်ယန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာများရှိ အခြေခံပညာကျောင်း အဆောက် အအုံများ ပျက်စီးယိုယွင်းနေမှု၊ ကျောင်းဖွင့်ချိန်အမီ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဆေးပေးခန်းဖွင့်လှစ် ပေးနိုင်ရေး၊ ကျေးရွာနှင့်လယ်ယာမြေများ သစ်တောကြိုးပြင်ကာကွယ်တောအတွင်းမှ ပယ်ဖျက်ပေးနိုင်ရေး၊ လယ်ထွန်စက်တစ်စီး ချထားပေး နိုင်ရေး၊ ဒဘတ်ယန်ကျေးရွာအဝင်လမ်း ဆောင်ရွက်ပေးနိုင်ရေး၊ မိုးစပါးမျိုးစေ့များ ထောက်ပံ့ပေးနိုင်ရေး တင်ပြရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည့် အစီအမံများကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတောင်သူများအတွက် အထွက်တိုး မျိုးစပါး ဆင်းဧကရီ-၃ ကို ဧက ၁၆၀ အတွက် မျိုးစေ့အိတ်များ၊ ဧက ၂၀၀ စာအတွက် အစေ့ထုတ်ပြောင်းမျိုးစေ့ အိတ်များနှင့် ကျေးရွာကြိုဆိုဧည့်ခံရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာပြီး ယာယီခိုလှုံရာစခန်းများမှ မိမိတို့နေရပ်ကျေးရွာများတွင် နေထိုင်နေကြပြီဖြစ် သည့်အတွက် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများအနေဖြင့်လည်း နေရပ်ပြန်ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် အတူတကွကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်အမီ ကျေးရွာစာသင်ကျောင်းများ ပြုပြင်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် ထောက်ပံ့ငွေများ နှင့် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒဘတ်ယန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ပျက်စီးယိုယွင်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဖွင့်ချိန်အမီ လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးနှင့် ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ထိုမှတစ်ဆင့် ကဇူးကျေးရွာ၌ အခြေခံပညာမူလတန်းကျောင်း ပျက်ဆီးယိုယွင်းမှုကြောင့် ယာယီ ကျောင်းစာသင်ဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေများနှင့် ဂါးရာယန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ပျက်စီးယိုယွင်းမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျောင်းဖွင့်ချိန် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှု များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများကြား ညှိနှိုင်းပေါင်းစပ်ပေးသည်။ ထို့နောက် အဆိုပါကျေးရွာအတွင်း စိုက်ပျိုးမြေဖော်ထုတ်ပေးနိုင်ရေး ကျေးရွာသူ/ ရွာသားများ၏ ရွေးချယ်ထားသည့် မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြကာ ကျေးရွာနှင့် လယ်ယာ မြေများသည် သစ်တောမြေအတွင်း ပါဝင်နေသည့်အတွက် ဌာနဆိုင်ရာလုပ်ထုံး လုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)