မြစ်ကြီးနား မေ ၂၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများအား ကျောင်းဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က ကြိုဆိုခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်က “ကျောင်းနေအရွယ်ကလေးအားလုံး ပညာမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးတို့က ကျောင်းအပ်နှံ ရေး ရက်သတ္တပတ် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျောင်းဝင်းအတွင်းရှိ အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများက “ပညာကိုသည်သာ ရတနာ” တေး သီချင်းသီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်ပေါများရန် လိုအပ်သကဲ့သို့ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးရန်နှင့် အခြေခံပညာရေးအုတ်မြစ်ခိုင်မာရန် အရေးကြီးပါကြောင်း၊ မိမိတို့၏ ကလေး ငယ်များ ကျောင်းအပ်နှံခြင်းသည် ကလေးများ၏ပညာသင်ယူခွင့်၊ အခွင့်အလမ်းအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးသည့်အတွက် ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းအပ်နှံခြင်းသည် အရေးကြီး ဆုံးလုပ်ငန်းဖြစ်ပါကြောင်း၊ ထို့အတူ ပညာရေးဌာန၊ မိဘပြည်သူများ၊ စေတနာရှင် လူမှုရေးအသင်းအဖွဲ့များ အားလုံးပူးပေါင်း၍ ပြည်နယ်အတွင်းရှိ အရွယ်ရောက်သူ ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေမြဲ ရေး၊ အဆင့်ဆင့်စဉ်ဆက်မပြတ်သင်ယူနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များအလိုက် ကျောင်းအပ်နှံရေးနေ့နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတော်၏ အခမဲ့ ပညာရေး အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် ပြည်နယ်ပညာရေးမှူး တို့က မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံး ဗလာစာအုပ်များကို လည်းကောင်း၊ ကျောင်းဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက “ကမ္ဘာ့ အဆင့်မီ ပညာရည်” တေးသီချင်းသီဆို၍ ရုတ်သိမ်းလိုက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာ ကျောင်းဝင်းအတွင်း ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကလေးငယ်များအတွက် ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံများကို လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူလတန်းအဆင့်သင်ကျောင်း ၉၅၅ ကျောင်း၊ အလယ်တန်းအဆင့်သင် ၄၂၃ ကျောင်း၊ အထက်တန်းအဆင့်သင် ၂၀၁ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၅၇၉ ကျောင်းဖွင့်လှစ် သင်ကြား နိုင်ရေး ကျောင်းအပ်နှံလက်ခံဆောင် ရွက်လျက်ရှိသည့်အပြင် ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ၃၀ ကျောင်း၊ ထက်၊ လယ်၊ မူ ကိုယ်ပိုင်ကျောင်း ၆၀ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်နယ် (ပြန်/ဆက်)