ချီဖွေမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်

ချီဖွေ မေ ၂

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မေလ (၂၃) ရက်နေ့ နံနက် (၇) နာရီခွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကျောင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ချစ်စမ်းအောင်၊ မြို့နယ်ရဲမှူးလင်းထူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အဆိုပါကျောင်းဝင်းအတွင်းရှိ ချုံနွယ်၊ ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ရေမြောင်းများမှ အမှိုက်များ ဆယ်ယူခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။  

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာသင်ကြားရေးအတွက် ချီဖွေမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းအသီးသီး၌ မေလ ၂၃ ရက်နေ့မှ စတင်၍ ကျောင်းသား၊ ကျောင်းသားများအား ကျောင်းအပ်လက်ခံလျက်ရှိပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယော်ကိ (ပြန်/ဆက်)