ဒေးဒရဲ၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားမှုအခြေအနေများ၊ မဲစာရင်းများ ကျန်ရှိမှုများအား ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေ၊ ယာယီမဲရုံများတည်ဆောက်နိုင်ရေး၊ ကျန်းမာရေး ဝန်ထမ်းများကို မဲရုံတိုင်းတွင် နေရာချထားပါက ကျန်းမာရေး စောင့်ရှောက်မှုများ အခြားဘက်တွင် လျော့နည်းသွား နိုင်သည့် အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက အပြန်အလှန်ပြန်လည် ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၉၀)တွင် မဲရုံပေါင်း (၁၈၁)ရုံရှိပြီး ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိသည့်  မဲဆန္ဒရှင်စာရင်းတွင်  မဲဆန္ဒရှင်ဦးရေ (၁၅၂၂၁၈)ဦး ရှိကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)