မိုးညှင်း မေ ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.ကရွာသစ်ကြီးကျောင်းမှ ကျောင်းသားကျောင်းသူများက “ရှေ့သို့လှမ်းချီ မြန်မာပြည်” တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းမြင့်က အမှာစကားပြောကြားကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးညှင်းမြို့နယ်အတွင်း ကျောင်းနေရန်အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများအား ပုံနှိပ်၊ ဗလာ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ် လှူဒါန်းခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက “မြမန်းဂီရိ” တေးသရုပ်ဖော်အကနှင့် “မြန်မာ့ကျောင်း” တေးသီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၂၀)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၀)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၈)ကျောင်း၊ မူလတန်းကျောင်း (၁၁၆)ကျောင်း၊ မူလတန်းကျောင်းခွဲ (၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်မူလတန်းကျောင်း (၂)ကျောင်း စုစုပေါင်းကျောင်း (၁၉၉)ကျောင်းတို့တွင် မေလ(၂၃)ရက်မှ (၃၁)ရက်ထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းများလာရောက် အပ်နှံလျက်ရှိကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)