ဗန်းမော် အောက်တိုဘာ ၇
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရွာတွင် လိုက်နာရန် အချက်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ (၉)ခုမှ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ဗန်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသာဗျောက နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများဆောင်ရာတွင် လိုက်နာရန်အချက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်းက နိုင်ငံရေးပါတီတာဝန်ရှိသူများအနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရန် ညှိနှိုင်းပြောကြားသည်။
ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးစိုင်းညီညီမှ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)ပါ အချက်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီတာဝန်ရှိသူများက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ပြန်လည်ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)