ဆင်ဘို အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမစ၍ ကြေညာထားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေညာစာရင်းတွင် မဲပေးခွင့်ရှိသူအနေဖြင့် မိမိအမည်စာရင်း ပါ/မပါ အချက်အလက် မှန်/မမှန် စစ်ဆေးရန်နှင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်ကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်ကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ၄(ဂ) ဖြင့်လည်ကောင်း၊ အခြားမြို့တွင် မိမိမဲစားရင်းပါနေပြီး ယခုရောက်ရှိနေသည့်မြို့တွင်သာ မဲပေးလိုပါက ပုံစံ၃(က)ဖြင့်လည်းကောင်း ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက် လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် နိုးဆော်ထားပြီး မဲစာရင်းကို အောက်တိုဘာ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၁၄)ရက်တိတိ ကြေညာထားမည်ဖြစ်သည်။
မဲန္ဒရှင်စာရင်းသည် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း ဆောင်ရွက်ပြီး မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ဖြည့်စွက် ကြေညာ သွားမည်ဖြစ်ပြီး ဆင်ဘိုမြို့တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁)အတွက် (၇)ပါတီ ၊မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)အတွက် (၉)ပါတီ၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်အတွက်(၈)ပါတီ၊ ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်းရှမ်းတိုင်းရင်းသား လူမျိုးများအတွက်(၈)ပါတီ၊ ရဝမ်တိုင်းရင်းသား လူမျိုးများအတွက် (၆)ပါတီ၊ လီဆူတိုင်းရင်းသား လူမျိုးများအတွက် (၈)ပါတီ၊ ဗမာတိုင်းရင်းသားလူမျိုးများအတွက် (၇)ပါတီပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆင်ဘိုမြို့တွင် မြို့ပေါ်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၂)အုပ်စု၊ ကျေးရွာခွဲ(၂)ရွာရှိ မဲရုံပေါင်း(၁၇)ရုံတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်(ကျား-၃၄၂၅ဦး၊မ-၃၂၈၇ဦး) မဲဆန္ဒရှင်စုစုပေါင်း (၆၇၁၂)ဦးရှိကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
စိုးမိုးကျော်(ဆင်ဘိုပြန်/ဆက်)