ကန်ကြီးထောင့်၌ တိုင်းရင်းဆေးပညာ အသိပညာပေး Talk Show အစီအစဉ် ဆောင်ရွက်

ကန်ကြီးထောင့်   အောက်တိုဘာ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံတိုင်းရင်းဆေးပညာ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်က ခန္ဓာကိုယ်အတွက် အဟာရပြည့်ဝပြီး အသားဓာတ်များရရှိစေသည့် မီးဖိုချောင်အတွင်းမှ ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ အာလူး၊ ကြက်သွန်နီ / ဖြူ၊ ဂျင်း၊ ငရုတ် စသည့် အစားအစာ များအား မျှတစွာ ချက်ပြုတ်စားသောက်ရမည့်ပုံစံများနှင့် အကျိုးကျေးဇူးများအကြောင်း၊ ရာသီဖျား၊ တုပ်ကွေးဖျားများအား ကြိုတင်ကာကွယ်သည့်နည်းလမ်းများ၊ အဆုပ်အားနည်းခြင်း၊ အဆုပ်အအေးမိခြင်းများ မဖြစ်စေရန် ဆောင်ရန်၊ရှောင်ရန်အချက်များ စသည့် ကိုဗစ်-၁၉ကာလအတွင်း ကျန်းမာရေးနှင့်ညီညွတ်စွာ ပြုမူစားသောက်နေထိုင်သင့်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ယာယီပိတ်ထားစဉ် ကာလအတွင်း ကလေးငယ်များ၊စာဖတ်ပရိသတ်များနှင့် ပြည်သူများ အသိပညာ၊ ဗဟုသုတ များရရှိစေရန်အတွက် ပြည်သူ့အကျိုးပြု အသိပညာပေး အစီအစဉ်ကောင်းများစွာနှင့် Talk Show အစီအစဉ်များကို IPRD Kangyidaunt Facebook Page နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့မှ အွန်လိုင်း စနစ်ဖြင့် အပတ်စဉ်တိုင်း ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက် ရှိသည့်အပြင် နိုင်ငံတော်၏ ထုတ်ပြန်ချက်များ အပါအဝင် သက်ဆိုင်ရာမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းအချက်အလက်များကိုလည်း IPRD Kangyidaunt Facebook Page မှ နေ့စဉ် ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)