ဖားကန့် အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကျေးရွာအချို့မှ ကျောက်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေကြ သူများက ကိုယ့်ကျေးရွာ ကိုယ်ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကာလ ခက်ခဲမှုရှိသူများအား ဆန်၊ ဆီနှင့် ကြက်ဥများ ဝေငှ ပေးလျက်ရှိကြောင်း သိရသည်။
အေးမြသာယာအုပ်စုအတွင်းမှ မနကျေးရွာ၌ အောက်တိုဘာ ၆ ရက်နေ့က ကျောက် ဝယ်/ရောင်း လုပ်ကိုင်သူ တစ်ဦးက ကျေးရွာတွင်း မိသားစု(၁၅၅)စုကို ၁၂ ပြည်ပါ ဆန်အိတ် (၅၀)အိတ်၊ ၈ ပြည်ပါ ဆန်အိတ်(၁၀၅)အိတ်၊ ဆီ ၅၀ ကျပ်သား(၁၅၅)ဗူးနှင့် ကြက်ဥ(၁၀၂၅) လုံးတို့ကို မိသားစုဝင် အနည်းအများအလိုက် ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အလားတူ မှော်စီစာကျေးရွာမှ ကျောက်ဝယ်/ရောင်းလုပ်ကိုင်သူတစ်ဦးကလည်း ကျေးရွာအတွင်း ကူညီထောက်ပံ့မှုများအပြင် လူမှုရေးအသင်းအဖွဲ့အချို့ကိုလည်း ဆန်ရိက္ခာထောက်ပံ့ပေးခြင်းများ ဆောင်ရွက် နေ ကြောင်း သိရသည်။
ဖားကန့်ရတနာနယ်မြေတွင် ရပ်ကွက်/ကျေးရွာတိုင်း၌ ဒေသအခေါ် ကျောက်လောပန်းများရှိနေပြီး ကိုဗစ်-၁၉ ရောဂါ ကာလတွင် အချို့က မိမိရပ်ရွာ မိမိပြန်လည်ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
တာလင်းမောင်(ပြန်/ဆက်)