ဖားကန့်မြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးရန် လူထုဖြန့်ပျိုးပင် နှစ်‌သောင်းထိ ပျိုးထောင်ထားလျက်ရှိ

ဖားကန့် မေ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သစ်‌တောဦးစီးဌာနမှ ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ဥရုချောင်းရေ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရန်၊ သစ်တောဖုံးလွှမ်းမှု ဧရိယာတိုးတက်လာစေရန်နှင့် ပြည်သူများ သစ်တောသစ်ပင်များအပေါ် ချစ်ခင်တန်ဖိုးထားတတ်သည့် အသိစိတ်များ ကိန်းအောင်းလာစေရန်ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး‌ရန် လူထုဖြန့်ပျိုးပင်ပေါင်း နှစ်သောင်းထိ လျာထားပျိုးထောင်ထားကြောင်း သိရသည်။

ဖားကန့်‌မြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ခြင်းကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးဝင်း၊ သီတဂူ စက္ခုဒါနဆေးရုံဝင်း၊ ဥရုချောင်းအနီး မြို့ပြအိမ်ယာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းစုပေါင်း အိမ်ယာဝင်းအပြင်လမ်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြေ‌စေရန် ယူမာကျေးရွာ ဥရု‌ချောင်းအနီး ကမ်းနားလမ်းတို့တွင် ပျိုးပင်မျိုးစုံပေါင်း (၁၁၀၀)ပင်တို့ကို စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

ယခုနှစ်အတွင်း မြို့နယ်သစ်တောဦးစီးဌာနမှ ဟောင်ပါးကြိုပြင်ကာကွယ်တောနှင့် နန့်တိန်းကြိုပြင် ကာကွယ်တောတို့တွင် စိုက်ခင်းအနေဖြင့် သီးနှံသစ်တောရောနှောစိုက်ခင်း (၁၀)ဧက၊ ကျွန်း (၁၀၀၀)ပင်၊ ပျဥ်းကတိုး (၁၀၀၀)ပင်၊ ကျေးရွာထင်းစိုက်ခင်း (၆)ဧက၊ မန်ဂျန်ရှား (၇၂၆၀)ပင်နှင့် ရေဝေရေလဲစိုက်ခင်း (၁၅)ဧက၊ မန်ဂျန်ရှား (၂၀၀၀)ပင်၊ မျောက်ငို (၅၀၀)ပင်၊ ပျဥ်းကတိုး (၅၀၀)ပင် စုစုပေါင်း (၂၉)ဧကတွင် သစ်မျိုးစုံပေါင်း (၁၂၂၆၀)ပင်တို့ကို စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီလူထုဖြန့်ပျိုးပင်ပေါင်း ၂၀၀၀၀ လျာထားရာ လယ်ပြင်ကျေးရွာဒေသခံ ဦးဇော်မိုင်အား ကျွန်း ပျိုးပင် (၅၄၀)ပင်၊ ၅မိုင်/၆မိုင်ဒေသခံ ဦးတိန့်ဆောင်အား မန်ဂျန်ရှား ပျိုးပင် (၂၄၀၀) ပင်၊ နမ္မဖြစ် ဒေသခံအား ကျွန်း ပျိုးပင် (၃၀)ပင်၊ ပျဥ်းကတိုးပျိုးပင် (၂၀)ပင်၊ တာမခန် ဒေသခံအား ကျွန်း (၁၅၀)ပင်၊ ပျဥ်းကတိုး (၁၅၀)ပင်၊ လုံးခင်း-ဖားကန့်ကျောက်စိမ်းတူးဖော်ရေးဌာနအား ကျွန်း (၃၆)ပင်၊ပျဥ်းကတိုး (၅၀)ပင် စုစုပေါင်းပျိုးပင် (၃၃၇၆)ပင်ကို ဖြန့်ဝေခဲ့ပြီး ကျန်လူထုဖြန့်ပျိုးပင်များကို ပြည်သူလူထုများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့များအား ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း သစ်တောဦးစီးပိုင် စိုက်ခင်း (၇၇)ဧကတွင် ပျိုးပင်ပေါင်း (၁၇၄၂၀)ပင်နှင့် လူထုဖြန့်အနေဖြင့် ပျိုးပင် (၁၅၀၀၀)ပင် စုစုပေါင်း (၃၂၄၂၀)ပင်တို့ကို ပျိုး‌ထောင်ထားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်