မြောင်းမြ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နေ့လည်ပိုင်းက ရှမ်းရေကျော်ကျေးရွာ၊ ဓမ္မာရုံ၌ ကျေးရွာသူ/သားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများကို ဆောင်ရွက် ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်စိုး က “ကျေးရွာများတွင် စာကြည့်တိုက်များ ဖြစ်ပေါ်လာစေရေး” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျေးရွာတစ်ခုဖွံ့ဖြိုးတိုးတက်မှုကဏ္ဍထဲတွင် စာကြည့်တိုက်၏ အခန်းကဏ္ဍသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျေးရွာများ တွင် စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတများတိုးပွားကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ကြောင်း"ပညာ"ကို တန်ဖိုးထားသောကျေးရွာများတွင် စာကြည့်တိုက်များရှိကြောင်း၊ စာကြည့်တိုက်သည် အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်သော လူထုတက္ကသိုလ်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓါတ်ပုံများ ပြသခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)