ပူတာအိုမြို့တွင် မီးသုံးစွဲမှု စနစ်တကျရှိစေရေးနှင့် မီး‌ဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ပူတာအို  မေ  ၂၈

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနတို့၏ဦးဆောင်မှုဖြင့် အရေးပေါ်မီး လောင်မှုဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေး၊ဆုံးရှုံးမှုနည်းပါးစေရေးနှင့် မီးဘေး လုံခြုံရေးအတွက် ပူတာအိုစည်ပင်သာယာဈေး ဈေးသူဈေးသားများအား မီးဘေးအသိပညာပေး လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုများနှင့်မီးသုံးစွဲမှုစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့  မွန်းလွဲ (၂)နာရီခွဲက ပူတာအိုမြို့ မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်နှင့်မြို့နယ်ဦးစီးမှူး ဦးတိတုတို့က အရေးပေါ် မီးလောင်မှုအခြေအနေတွင် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး အသုံး ပြုပုံအဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းအသိပညာပေးပြသခဲ့ကြပြီး  မီးဘေးဇာတ်တိုက် လေ့ကျင့်ရာသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများက တစ်ဦးချင်းလက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသခဲ့ကြသည်။

ထို့နောက် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်အင်အား(၁၄)ဦးတို့က မီးငြှိမ်းသတ်ယာဉ်တစ်စီး၊မီးသတ် ရေသယ်ယာဉ်တစ်စီးတို့ဖြင့် လက်တွေ့မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ခရိုင်မီးသတ် ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိတု၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများ က  ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်နှင့်ဝန်ထမ်းများ၊မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိတုနှင့် တပ်ဖွဲ့ဝင်များက စျေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆိုင်များတွင်  မီးသတ်ဆေး ဘူးများ တပ်ဆင်ထားရှိရေးနှင့်မီးသုံးစွဲမှုစနစ်တကျရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)