မချမ်းဘောမြို့နယ်ရှိ ရှုခင်းသာနေရာသည် ခရီးသွားပြည်သူများအတွက် အပန်းဖြေရာနေရာတစ်ခု ဖြစ်လာ

မချမ်းဘော မေ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာအနီး ပူတာအို -နောင်မွန်-ခေါင်လန်ဖူး ကားလမ်းပေါ်ရှိ ရှုခင်းသာနေရာသည် ခရီးသွားပြည်သူများအတွက် ခရီးတစ်ထောက်နားရာနေရာ၊ အပန်းဖြေရာနေရာ၊ အမှတ်တရဓာတ်ပုံရိုက်ကူးရာ နေရာတစ်ခုဖြစ်လာကြောင်းသိရသည်။ အဆိုပါရှုခင်းသာနေရာမှသဘာဝတောတောင်ရေမြေရှုခင်းများကို သာယာလှပစွာကြည့်ရှုခံစားနိုင်ပြီး ဖုန်း လိုင်း၊အင်တာနက်လိုင်းများလည်း အခြားနေရာများထက်ပိုမိုကောင်းမွန်သောကြောင့် ခရီးသွားများအနေဖြင့် ၄င်းနေရာတွင် ခရီးတစ်ထောက်နား အပန်းဖြေရခြင်းဖြစ်ကြောင်း ခရီးသွားများ၏ပြောပြချက်အရသိရသည်။

ထိုရှုခင်းသာနေရာကိုသွားရောက်လည်ပတ်မည်ဆိုပါက မချမ်းဘော့မြို့မှ(၁၀)မိုင်ခန့် ဆိုင်ကယ်ခရီးဖြင့် အချိန်တစ်နာရီခန့် စီးနင်းသွားရောက်နိုင်ပါသည်။ အထင်ကရနေရာနေရာလည်ပတ်စရာနေရာ ပေါများလှသော မချမ်းဘောမြို့နယ်တွင် ကောင်းမှုလုံဘုရား၊နတ်ကျွန်း၊ ဂူဘားရိပ်သာ၊ကျောက်နဂါး စသည့်နေရာများအပြင် ယခုရှုခင်းသာနေရာသည်လည်း ပူတာအိုဒေသခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်နေရာဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ (ပြန်/ ဆက်)