မချမ်းဘောမြို့နယ်ရှိ ရှုခင်းသာနေရာသည် ခရီးသွားပြည်သူများအတွက် အပန်းဖြေရာနေရာတစ်ခု ဖြစ်လာ

မချမ်းဘော မေ ၂၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာအနီး ပူတာအို -နောင်မွန်-ခေါင်လန်ဖူး ကားလမ်းပေါ်ရှိ ရှုခင်းသာနေရာသည် ခရီးသွားပြည်သူများအတွက် ခရီးတစ်ထောက်နားရာနေရာ၊ အပန်းဖြေရာနေရာ၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးရာ နေရာတစ်ခုဖြစ်လာကြောင်း သိရသည်။

အဆိုပါ ရှုခင်းသာနေရာမှ သဘာဝတောတောင်ရေမြေရှုခင်းများကို သာယာလှပစွာကြည့်ရှုခံစားနိုင်ပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်း များလည်း အခြားနေရာများထက် ပိုမိုကောင်းမွန်သောကြောင့် ခရီးသွားများအနေဖြင့် ၄င်းနေရာတွင် ခရီးတစ်ထောက်နား အပန်းဖြေရခြင်းဖြစ်ကြောင်း ခရီးသွားများ၏ ပြောပြချက်အရ သိရသည်။

ထိုရှုခင်းသာနေရာကို သွားရောက်လည်ပတ်မည်ဆိုပါက မချမ်းဘော့မြို့မှ (၁၀)မိုင်ခန့် ဆိုင်ကယ်ခရီးဖြင့် အချိန်တစ်နာရီခန့် စီးနင်းသွားရောက်နိုင်သည်။ အထင်ကရနေရာနေရာ လည်ပတ်စရာနေရာ ပေါများလှသော မချမ်းဘောမြို့နယ်တွင် ကောင်းမှုလုံ ဘုရား၊ နတ်ကျွန်း၊ ဂူဘားရိပ်သာ၊ ကျောက်နဂါး စသည့်နေရာများအပြင် ယခုရှုခင်းသာနေရာသည်လည်း ပူတာအိုဒေသခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော နေရာ တစ်နေရာဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)