ပူတာအို မေ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် အရေးပေါ်မီး လောင်မှုဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေး၊ ဆုံးရှုံးမှုနည်းပါးစေရန်နှင့် ဈေးမီးဘေးလုံခြုံရေးအတွက် ပူတာအိုစည်ပင်သာယာဈေး ဈေးသူ၊ ဈေးသားများအား မီးဘေး အသိပညာပေး လက်တွေ့ဇာတ်တိုက် လေ့ကျင့်မှုများနှင့် ဆိုင်များတွင် မီးသုံးစွဲမှုစနစ်တကျ ရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို မေ(၂၇)ရက် မွန်းလွဲ (၂)နာရီခွဲက ပူတာအိုမြို့ မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြ သည်။
ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်နှင့် မြို့နယ်ဦးစီးမှူး ဦးတိတုတို့က အရေးပေါ်မီးလောင်မှုအခြေအနေ တွင် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးအသုံး ပြုပုံအဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်း အသိပညာပေးပြသခဲ့ကြပြီး မီးဘေးဇာတ် တိုက်လေ့ကျင့်ရာသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများက တစ်ဦးချင်း လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခဲ့ကြသည်။
ထို့နောက် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၄)ဦးတို့က မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး တို့ဖြင့် လက်တွေ့မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိတု၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် ဈေးသူ ဈေးသားများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင် နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိတုနှင့် တပ်ဖွဲ့ဝင်များက စျေးသူဈေးသားများ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဆိုင်များတွင် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိရေးနှင့် မီးသုံးစွဲမှုစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)