လားရှိုး မေ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသထွက် ထန်းသီးနှင့် ထန်းရည်များကို လာရောက်ရောင်းချလေ့ရှိပြီး ထန်းသီးတစ်လုံး ငါးရာကျပ်၊ ထန်းရည်တစ်ဗူး နှစ်ထောင်ကျပ်ဈေးရှိကြောင်း သိရသည်။
“ကျွန်တော်တို့က မန္တလေးနယ်တစ်ဝိုက်နဲ့ အညာဒေသဘက်က ထန်းသီးတွေကို လားရှိုးမှာလာရောင်းတာပါ။ ဒီမှာက တောင်ပေါ်ဒေသဆိုတော့ ထန်းသီးမရှိဘူးလေ။ ထန်းသီးကို တောင်ပေါ်ဒေသက တိုင်းရင်းသားတွေမစားဖူးသူတွေရှိတော့ ဝယ်စားကြတာပေါ့။ ထန်းရည်ဆိုလည်း ဝယ်သောက်ကြတယ်။” ဟု ထန်းသီးရောင်းချသူတစ်ဦးပြောသည်။
ထန်းသီးသည် ဗီတာမင်နှင့် သတ္တုဓါတ်ပါဝင်သောကြောင့် ဆီးချိုရောဂါဖြစ်ပွားသူများအတွက် စားသုံးပေးရန်သင့်တော်ပြီး အဆစ်ရောင်ရောဂါရှိသူများလည်း စားသုံးသင့်ကြောင်း ဆေးပညာရှင်များက ဆိုကြ သည်။
ထန်းပင်မှ ထန်းရွက်ကို အိမ်အမိုး၊ ထန်းရိုးကို ထန်းတံပိုး၊ ထင်းအဖြစ်အသုံးပြုကြသလို ထန်းပင်မှ ထန်းမြစ်၊ ထန်းသီး၊ ထန်းရည်များကို စားသုံးနိုင်သဖြင့် ထန်းပင်သည် အလွန်အသုံးဝင်သော အပင်ဖြစ်သည်။
စိုင်းထွန်း(လားရှိုး)