မိုးမောက်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများကြေညာထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုးမောက်    အောက်တိုဘာ   ၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ ၊ လွယ်ဂျယ်မြို့များရှိ    ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၁၄)ရက်နေ့အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက်   ဒုတိယအကြိမ် မဲစာရင်း ကြေညာထားရှိကြောင်း သိရသည်။

အဆိုပါ မဲစာရင်းများ ကြေညာထားရှိရာတွင် မဲစာရင်း၌ အမည်စာရင်းမပါရှိလျှင် ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်ပြီး၊ မဲစာရင်းတွင် ပါဝင်ခွင့်မရှိ၍ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့် လည်းကောင်း  မဲစာရင်းတွင် အချက်အလက်များ မှားယွင်း၍  ပြန်လည်လျှောက်လိုလျှင် ပုံစံ၃(ဂ)ဖြင့်လည်းကောင်း ပြန်လည် လျှောက်ထား နိုင်ကြောင်းသိရသည်။

မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ လွယ်ဂျယ်မြို့များတွင် မဲရုံစုစုပေါင်း (၄၅)ရုံနှင့်    အသက် (၁၈)နှစ်ပြည့်ပြီးသူ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  (၅၀၀၁၃)ဦးရှိကြောင်းနှင့် မဲစာရင်း ကြေညာထားရှိမှု အခြေအနေ များကို မိုးမောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများတို့က အောက်တိုဘာ (၇)ရက်နေ့နံနက်(၁၁)နာရီ၌ မြို့သစ်ကျေးရွာ အုပ်စု ၊ မင်းကျမ်း ကျေးရွာအုပ်စုများ သို့ ကွင်းဆင်းကြည့်ရှုပြီး  မဲစာရင်းကို ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လွန်းနန်းထွေး