မချမ်းဘောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

မချမ်းဘော  မေ  ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ကျင်းပသည်။

အခမ်းအနားကို အထကမချမ်းဘော ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့် လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းပညာမဝေးဖို့အတွက် ကျောင်းအပ်ကြဖို့လိုသလို အခြေခံပညာ မူလတန်းမှစ၍ အထက်တန်းပညာပြီးဆုံးပြီး အဆင့်မြင့်ပညာတွေကိုသင်ယူနိုင်တဲ့အထိ မိဘဆရာများ အားလုံးပူးပေါင်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်းထည့် သွင်းပြောကြားသည်။

ဆက်လက် မြို့နယ်ပညာရေးမှူး ဦးဂျီယောနသန်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဟာ ပညာရေးဟာ အဓိကကျလို့ မိမိတို့သားသမီးများကို မည်သို့သောအကြောင်းဖြင့်ဖြစ်စေ ကျောင်းပြင်ပမှာမထားဘဲ ကျောင်းအရောက် ပို့ပေးစေလိုကြောင်းနှင့်နိုင်ငံတော်အစိုးရမှ အခမဲ့ပညာရေးအတွက်  ထောက်ပံ့ပေးမှုများ ကို ရှင်းလင်းပြောကြား သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တက်ရောက်လာကြသောဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို အထက်တန်း၊အလယ်တန်းနှင့် မူလတန်း ကျောင်းသားကျောင်းသူများအားပေးအပ်ခဲ့သည်။

မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မေလ (၂၃)ရက်မှမေလ(၃၁)ရက်နေ့အထိ ကျောင်း အပ်နှံရေး ရက်သတ္တပတ်အဖြစ်ဆောင်ရွက်လျက်ရှိရာ မေလ (၂၉)ရက်နေ့အထိ ကျောင်းအပ်နှံသူ စုစုပေါင်း (၂၂၁၀)ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော)