ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းများနှင့် ပိုစတာများဖြန့်ဝေ

ချီဖွေ        အောက်တိုဘာ   ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဝေသည့် “ သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယမန်နေ့ညနေ (၃)နာရီခွဲအချိန်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများထံသို့ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး လက်ကမ်းစာစောင်တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ပါရှိခြင်း ရှိ/မရှိကို စစ်ဆေးနိုင်သည့်  နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း၊ မဲစာရင်းတွင် ဖြည့်စွက်ရန် ပြင်ဆင်ရန် လိုအပ် ပါက (သို့) မဲစာရင်းပါ အမည်စာရင်းကို ကန့်ကွက်လိုပါက သတ်မှတ်ထား သည့် ပုံစံများကို ဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ အဖွဲ့ခွဲများထံ တင်သွင်းရန်နှင့် အွန်လိုင်းမှ တစ်ဆင့် မဲစာရင်း စစ်ဆေးနည်းလမ်းများ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ကို လွယ်ကူစွာ ရှာဖွေနိုင်ရန် အကြံပြုချက်များ၊ ကိုဗစ်-၁၉ရောဂါ ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ စသည့် အချက်များ ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက  ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ မိမိတို့သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များတွင် ဖြန့်ဝေသည့်အပြင် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ  မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများမှလည်း လူအများမြင်သာသည့် နေရာများတွင် ပိုစတာများ လိုက်လံချိတ်ဆွဲဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ်ပြန်/ဆက်)