ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များနှင့် နှာခေါင်းစည်း (Mask)များ ဒုတိယအကြိမ်ထောက်ပံ့

ဟားခါး     အောက်တိုဘာ     ၈

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းဝန်ထမ်းများ သက်သာချောင်ချိရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း (Mask) များ ဒုတိယအကြိမ်ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဌာနအတွင်းမှ ဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက လတ်တလော ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်မှု ကာလအတွင်း မိမိဌာနဝန်ထမ်းများအား စာနပ်ရိက္ခာဖူလုံစေရေး အထောက်အပံ့ဖြစ်နိုင်စေရန် ကူညီထောက်ပံ့ရခြင်း ဖြစ်ပါကြောင်း၊ ဌာနအတွင်းဝန်ထမ်းအားလုံးအား  ဌာနမှတတ်နိုင်သည့် အခြေအနေဖြင့် ညီမျှစွာ ခွဲဝေထောက်ပံ့ ပေးရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ရာ ဌာနအတွင်းဝန်ထမ်းများက လက်ခံခဲ့ကြ ကြောင်းသိ ရှိရသည်။

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအကြိမ်အဖြစ် ဌာနအတွင်း ဝန်ထမ်း (၇၂) ဦးအတွက် တစ်ဦးလျှင် ကြက်သွန်ဖြူ (၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ဆီ (၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာနှင့် နှာခေါင်းစည်း(Mask)အခု(၅၀)ပါ (၁)ထုပ်စီတို့ကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ပထမအကြိမ် အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းအဖြစ် ဧပြီလတွင် ထောက်ပံ့ပေးခဲ့ကြောင်း ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြင့်ဦးထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)