နမ့်စန်တွင် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း မာရသွန် အပြေးပြိုင်ပွဲ ကျင်းပမည်

နမ့်စန်(တ)  ဇန်နဝါရီ  ၃

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းမာရသွန်အပြေးပြိုင်ပွဲကို ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အလွတ်တန်းမာရသွန်အပြေးပြိုင်ပွဲကို ဝမ်ပုံကျေးရွာအုပ်စု မက်မုံကျေးရွာနမ့်စန်မြို့အဝင်ဘက်မှ နံနက် ၅ နာရီခွဲတွင် စတင်တာလွှတ်၍ အမှတ်(၂)ရပ်ကွက်ရှိ နမ့်စန် အ.ထ.က ဘောလုံးကွင်းထိ (စုစုပေါင်း ၈မိုင်) ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆု  ၃သိန်းကျပ် ၊ ဒုတိယဆု  ၂သိန်းကျပ် ၊ တတိယဆု  ၁ သိန်းကျပ် နှင့် သတ်မှတ်စံချိန်ဝင်သူ ၁၀ ဦးကို ဂုဏ်ပြုဆု ၂ သောင်းကျပ်စီ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲဝင်ရန် ကျား/မ စုစုပေါင်း ၇၀  ဦး စာရင်းပေးသွင်းထားကြောင်း အားကစားပြိုင်ပွဲများ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးလှထွေးထံမှ သိရသည်။

သူရအောင် (ပြန်/ဆက်)