ဘိုကလေး အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၀ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အား ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ညနေ (၆)နာရီခန့်တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ၊ ဇေယျမေဒနီ ကျောင်းတိုက်တွင် သီတင်းသုံးတော်မူနေသည့် သက်တော်(၁၀၄)နှစ်ရှိ ဆရာတော်ဦးဉာဏဝံသအား ထောက်ပံ့ငွေ( ၁)သိန်းကျပ်အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေအား ဘိုကလေးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး နော်ချယ်ရီရွှေနှင့်အဖွဲ့တို့မှ ဆရာတော် ဘုရားကြီး၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း၊ အဆိုပါ ထောက်ပံ့ငွေများအား ဖျာပုံခရိုင်အတွင်းမှ အသက်အကြီးဆုံးအဘိုးအဘွားများဖြစ်ကြသည့် ဘိုကလေးမြို့နယ်မှ သက်တော်ရှည် ဆရာတော်ဘုရားကြီးနှင့် ဖျာပုံမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်မှ အသက်(၁၀၄)နှစ်ရှိ အဘွားဒေါ်စိန်မြတို့ (၂)ဦးသာ ရရှိကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)