ကော့သောင်း၊ အောက်တိုဘာ ၈
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အိန္ဒိယနိုင်ငံမှလာရောက်သည့် MV. HORIZON-9 သင်္ဘောပေါ်မှ သင်္ဘောသား (၃) ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.V HUPEH သင်္ဘောပေါ်မှ သင်္ဘောသား (၁၆) ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MT. CT FRONTIER သင်္ဘောပေါ်မှ သင်္ဘောသား (၁၆) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MV.GREEN BAY သင်္ဘောပေါ်မှ သင်္ဘောသား (၂၀) ဦး စုစုပေါင်းသင်္ဘောလေးစီးပေါ်မှ သင်္ဘောသား (၅၅) ဦး ယမန်နေ့ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၅၅) ဦးမှာ ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV. HORIZON-9 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးဇင်လင်းပြည့်ပါ သင်္ဘောသား (၄) ဦး၊ M.V HUPEH သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးလင်းဇော်လတ်ပါ သင်္ဘောသား (၁၆) ဦး၊ MT. CT FRONTIER သင်္ဘောပေါ်သို့ sign on တက်ရောက် မည့် ကပ္ပတိန် ဦးအောင်ဝင်းထွန်းပါ သင်္ဘောသား (၁၆) ဦး၊ MV. GREEN BAY သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဝေလင်းအောင်ပါသင်္ဘောသား (၁၈) ဦးတို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)