ခိုင်ကမ်း အောက်တိုဘာ ၈
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ကုန်တင်ယာဉ်များသွားလာရာတွင် စံသတ်မှတ်ချက် (Standard Operating Procedure-SOP) တွင် ပါဝင်သည့်အတိုင်း ကုန်တင်ယာဉ်များ၊ ကုန်ပစ္စည်း လာရောက် ပို့ဆောင်ကြမည့် ကုန်တင်ယာဉ်များအားလုံး၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် ကိုဗစ်-၁၉ ရောဂါပိုးမရှိ (Negative)ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၂)ပတ်အတွင်း ထုတ်ပေးထားသည့် ထောက်ခံချက်(လိုင်စင်ဓာတ်ပုံ)ပါရှိမှသာ ဖြတ်သန်းသွား လာခွင့်ပြုကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် လတ်တလောကာလအတွင်း ကုန်တင်ယာဉ်များ သွားလာမှုနှင့် ပတ်သက်၍ မြို့ဝင်၊မြို့ထွက်ဂိတ်များတွင် စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ ဖြတ်သန်းသွားလာ ခွင့်မပြုခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လဲလှယ်မောင်းနှင်စေခြင်းများကြောင့် ယာဉ်များကြာမြင့်စွာ ရပ်တန့်ထားရပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားနိုင်သည့် အခြေအနေ များဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ ကုန်တင်ယာဉ်များသွားလာရာတွင် စံသတ်မှတ်ချက် (Standard Operating Procedure-SOP) အတိုင်းကြပ်မတ် ဆောင်ရွက်ရခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီအဖွဲ့ဝင်များ၊ မြို့ကျေးလက်ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ ဝင်များအား အလှည့်ကျတာဝန်ချထားမှုစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)