ပန်နန်းဒင် အောက်တိုဘာ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်ဒေသတွင် စက်တင်ဘာလ ၂၃ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်ကျချောင်းများမြင့်တက်လာကာ လမ်းများချောင်းရေ တိုက်စားခြင်း၊ တောင်ပြိုကျခြင်းတို့ကြောင့် လမ်းများပိတ်ဆို့ကာ လမ်းပိုင်း(၂၇)နေရာခန့် ပျက်စီးသွားပြီး ထိုလမ်းပေါ်ရှိ တံတားနှစ်စင်းမှာလည်း ရေမျောပါသွားကြောင်း သိရသည်။
ယင်းပျက်စီးသွားသည့်နေရာမှာ နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ လမ်းပိုင်းနေရာများဖြစ်သည်။
အဆိုပါ တောင်ပြိုကျမှုများ၊ လမ်းများရေတိုက်စားပျက်စီးသွားမှုများကြောင့် ခရီးသွားလာသူများ အခက်အခဲဖြစ်လျက်ရှိရာ ပျက်စီးသွားသော လမ်းပိုင်းနေရာများကို ဘက်ဟိုးယာဉ် တစ်စီးနှင့်လူအင်အား အသုံးပြုကာ ရှင်းလင်းနေပြီး မျောပါပျက်စီးသွားသည့်တံတားများကို ပန်နန်းဒင်မြို့ လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ဦးဇော်ရာဆင် ဦးဆောင်ကာ ဦးဒါဝိက အနီးကပ် ကြီးကြပ်မှုဖြင့် ၎င်းတို့အဖွဲ့သားများနှင့် ဦးနောဒီး တံတားဆောက်လုပ်ရေးအဖွဲ့(၇)ဦးတို့က စက်တင်ဘာလနောက်ဆုံးပတ်မှ စတင်ကာ ပျက်စီးသွားသည့် လမ်းများနှင့်တံတားများကို ပြန်လည်ဆောက်လုပ်ခြင်း နှင့်ပြန်လည်ပြုပြင် ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ရပ်ဘော့-ပန်နန်းဒင်လမ်းမိုင်တိုင်(၂၆)အထိ ရှင်းလင်းမှုများ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
နောယော်ဘော်(ပြန်/ဆက်)