မိတ္ထီလာ၊ အောက်တိုဘာ ၈
မိတ္ထီလာမြို့နယ် ပညာရေးဝန်ထမ်းများမှ နိုင်ငံတော်က အတိုးမဲ့ထုတ်ချေးပေးသည့်လစာနှစ်လစာချေးငွေများရရှိသည့်အထဲမှ တစ်ဦးငွေကျပ်တစ်ထောင်ကျပ်စီ ထည့်ဝင်စုပေါင်းရရှိသည့် ငွေကျပ်နှစ်ဆယ့်ငါးသိန်းခုနစ်သောင်းငါးထောင်ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံသို့ ယနေ့နံနက်၁ဝ နာရီ အချိန်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင် ထံသို့ လှူဒါန်းငွေ နှစ်ဆယ့်ငါးသိန်းခုနစ်သောင်းငါးထောင်ကျပ်ကို မြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်နှင့်တာဝန်ရှိသူများ က ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ လှူဒါန်းငွေများပေးအပ်လှူဒါန်းခြင်းအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးဇူး တင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများစုပေါင်း၍ နိုင်ငံတော်မှ အတိုးမဲ့နှစ်လစာထုတ်ချေးငွေများထဲမှ တစ်ဦးကိုတစ်ထောင်ကျပ်နှုန်းထည့်ဝင်လှူဒါန်းကာ ယခုကဲ့သို့ စုပေါင်းလှူဒါန်းခြင်း ဖြစ်သည်။
မိတ္ထီလာဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ထံသို့လည်း လှူဒါန်းငွေသုံးသိန်းငါးသောင်းကျပ်ကိုလည်း မြို့နယ်ပညာရေးဝန်ထမ်းများကစုပေါင်း၍ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)