ရမည်းသင်း ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲများ၌ လူငယ်စကားဝိုင်းများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇွန် ၉ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာခြင်းဖလှယ်ကာ ဗဟုသုတကိုမျှဝေခြင်းဖြစ်ကြောင်း၊ အသိပညာနှင့် အတတ်ပညာကိုပေါင်းစပ်ပြီး လေ့လာအသုံးချနိုင်ရေးနှင့် ကျောင်းသား၊ကျောင်းသူ လူငယ်များ ကိုယ်ရည်ကိုယ်သွေးမြှင့်မားလာကာ ဗဟုသုတကြွယ်ဝ၍ ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများ မွေးထုတ်ပေးနိုင်ရန် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ဝိုင်းများပြုလုပ်ကာ ပြန်လည်ဆွေးနွေးခြင်းတို့ကို အမြဲလေ့ကျင့်ဆောင်ရွက်ပြီး စကားဝိုင်းဆွေးနွေးပွဲများဆီသို့ ရောက်ရှိလာအောင် ဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် အမှတ်(၁)အခြေပညာအထက်တန်းကျောင်း၊ အမှတ်(၅)မြို့မ အထက်တန်းကျောင်း၊ ရွှေဒါးအထက်တန်းကျောင်းနှင့် ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆရာကြီး၊ ဆရာမကြီးနှင့် ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား၊ကျောင်းသူများမှ လူငယ်စကားဝိုင်း၌လူငယ်နှင့်စာပေ၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှုအစရှိသည့် ခေါင်းစဉ်များကို ကျောင်းသားလူငယ်များမှ မိမိနှစ်သက်ရာခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးနိုင်ရေးပြောကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ခရိုင်ပြန်/ဆက်ဦးစီးမှူး၊ Youth Club အသင်းဥက္ကဋ္ဌ ဦးအေးမင်းမြတ် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ(၁၅)ဦး၊ ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း ဆရာနှင့်ကျောင်းသား၊ကျောင်းသူ(၆)ဦး၊ စုစုပေါင်း (၂၃)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)