ဆယ်စုနှစ် တစ်စုကျော် ပျောက်ကွယ်လျက်ရှိပြီး ပြန်လည်အသက်ဝင်လာသည့် အင်းလေးရေပေါ်ဈေး

ညောင်ရွှေ      အောက်တိုဘာ         

ဆယ်စုနှစ်တစ်စုကျော် ပျောက်ကွယ်လျက်ရှိသည့် အင်းလေးရေပေါ်ဈေးသည် အောက်တိုဘာ လဆန်းပိုင်းမှစတင်၍ ဒေသခံရောင်းသူဝယ်သူများဖြင့် ပြန်လည်အသက်ဝင် စည်ကားလာခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အင်းလေးဒေသ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေးသည် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားရာနေရာ တစ်ခုဖြစ်ခဲ့သော်လည်း နွေရာသီတွင် ရေလျော့နည်းမှုကြောင့် ရေပေါ်ဈေးအဖြစ် ရောင်းဝယ်မှုမပြုနိုင်ဘဲ ကုန်းမြေပေါ်သို့ ပြောင်းရွှေ့ရောင်းဝယ်ခဲ့ရကြောင်း၊ ယခင်က ရေပေါ်ဈေးတွင် ဒေသထွက် အစားအစာ၊ ဟင်းသီးဟင်းရွက်အပါအဝင် ကုန်ပစ္စည်းများကို လှေပေါ်တွင်တင်၍ ရောင်းဝယ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းကို အမှီပြု၍ အမှတ်တရပစ္စည်းရောင်းချသူများသာ များပြားလာကြောင်း ဒေသခံများက ဆိုသည်။

ယခုအခါ ကိုဗစ်-၁၉ ကာလအတွင်း ကုန်းမြေပေါ်ရှိ ဈေးများ ခေတ္တပိတ်ထားမှုကြောင့် ဒေသခံဈေးရောင်းချသူများသည် ရေပေါ်တွင်လှေများဖြင့် ဒေသထွက်ကုန်များကို ယခင်ကကဲ့သို့ ပြန်လည်ရောင်းချလာမှုများကြောင့် ရေပေါ်ဈေးမှာ ပြန်လည်၍ အသက်ဝင်လာကြောင်း၊ ဆက်လက်၍လည်း ရေပေါ်ဈေးကို နွေရာသီကာလ ရေနည်းချိန်၌ ဈေးမဖြစ်သော်လည်း ရေများချိန် များတွင် ယခုကဲ့သို့ ရောင်းဝယ်မှုများဖြင့် ရေရှည်တည်တံ့လိုကြောင်း၊ ဒေသခံများကလည်း ရေပေါ်ဈေးအဖြစ် ရောင်းသူဝယ်သူများဖြင့် စည်ကားလာသည့်အတွက် ဝမ်းမြောက်လျက်ရှိကြောင်း ဟဲယာရွာမကျေးရွာမှ ဒေသခံ ဦးစိုးမြင့်ဦးက ပြောကြားသည်။

နေမျိုးသူရိန်