ကျေးသီးမြို့နယ်၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်

ကျေးသီး  အောက်တိုဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈ဝ)နှစ်နှင့်(၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယမန်နေ့က တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များဖြစ်သော ကန်ပန်ရပ်ကွက် ၊ ဝမ်ကန်ရပ်ကွက်၊ လုံပုရပ်ကွက် ၊ဟော်ကုန်းရပ်ကွက်နှင့် စျေးရပ်ကွက်အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းစီဖြင့် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်အတွင်းရှိ မိုင်းနောင်မြို့ အပါအဝင်အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများ စုစုပေါင်း (၁၂၁)ဦးရှိပြီး ကျန်ရှိသောသက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စာရေးများက ဆက်လက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သဲစုပိုင်(ပြန်/ဆက်)