မိုးမိတ်မြို့နယ်တွင် အခြေခံစားကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်

မိုးမိတ်  အောက်တိုဘာ ၉

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားနေစဉ်ကာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း မဖြစ်စေရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံ ဆိုင်များအား ယမန်နေ့ ညနေ(၃)နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခြင်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီး ဌာနမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့ မြို့မဈေးနှင့် လမ်းဘေး ဈေးဆိုင်၊ အိမ်ဆိုင်များအား ကုန် ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းများ မဖြစ်စေရေး၊ အခြေခံစားကုန်များ ပြတ်တောက်မှုမရှိစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား နှာခေါင်းစည်းများ တပ်ဆင်၍ ရောင်းချဝယ်ယူရေးတို့အပြင်  သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့သည်။

မိုးမိတ်မြို့ မြို့မဈေးတွင် ပြည်သူများ၏ အခြေခံစားကုန်များဖြစ်သော ရှမ်းဆန် တစ်ပြည်လျှင် ၁၂၀၀ ကျပ် မှ  ၁၄၀၀ ကျပ် ၊  ပဲဆီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ၊ စားအုန်းဆီ တစ်ပိဿာလျှင် ၂၃၀၀ ကျပ် ၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၄၀၀ ကျပ်နှင့် ငရုပ်သီးခြောက် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)