ကွတ်ခိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြပွဲများပြုလုပ်

ကွတ်ခိုင် ဇွန် ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ်  မူးယစ်ဆေးဝါး၏ သမိုင်းကြောင်းနှင့် သုံးစွဲပုံအဆင့်ဆင့်ပြောင်းလဲလာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု၊ ရရှိလာမည့်ဆိုးကျိုးများစသည့် အကြောင်းအရာများပါရှိသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံတို့ကိုပြသခဲ့သည်။ ထိုအပြင် မူယစ်‌ဆေးဝါး‌ အကြောင်းများ ပါဝင်သည့် စာအုပ်စာစောင်များ၊ အခြားသောအသိပညာပေး အကြောင်းအရာများပါဝင်သည့် သုတ၊ ရသစာအုပ်များနှင့် ဓာတ်ပုံတို့ကိုလည်း ပြသထားရာ ပြပွဲသို့တက်ရောက်လာကြသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကွတ်ခိုင် (ပြန်/ဆက်)