တာလေ ဇွန် ၁၄
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူကို မူးယစ်ထုံထိုင်းဘေးဖြစ်တတ်သော ဆေးဝါးများအားလုံးကို မူးယစ်ဆေးဝါးဟူ၍ သတ်မှတ်ခေါ်ဝေါ် ကြကြောင်း၊ မူးယစ်ဆေးဝါးဟုဆိုရာတွင် ဘိန်းမည်း၊ ဘိန်းဖြူ၊ ကိုကင်း၊ ဆေးခြောက်၊ အရက်များသာမက ဖင်ဆီဒိုင်းဆေးရည်၊ ကွန်မက်သာဇင်းဆေးရည်၊ ဗေလီယံဖိုက်ဆေးပြား အစရှိသော ဆေးဝါးများလည်းပါဝင်ကြောင်း၊ မူးယစ်ဆေးဝါးမှန်သမျှသည် လူသားများအတွက် မည်သည့်ကောင်းကျိုးကိုမျှ မပေးနိုင်ကြောင်း၊ ဆိုးကျိုးများကိုသာဖြစ်ပေါ်စေ၍ လူ့အသက်ဆုံးပါးသည်အထိ အန္တရာယ်ပေးနိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် လူသားများအတွက် အန္တရာယ်ဖြစ်စေ၍ ရှောင်ကြဉ်ရမည့် အဓိကအချက်တစ်ခုမှာ မူးယစ်ဆေးဝါးအလွဲသုံးမှုပင်ဖြစ်ကြောင်း၊ ရောဂါဝေဒနာသက်သာရန် အသုံးပြုရမည့် ဆေးဝါးများသည် လူတို့၏ အလွဲသုံးမှုကြောင့် မူးယစ်ဆေးဝါးအဖြစ်သို့ ပြောင်းလဲကြရကြောင်း ပြောကြားပြီး လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသည် ဆေးလိပ်သောက်ခြင်းမှ အများဆုံး စတင်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိနိုင်သော ရောဂါများ၊ ထိခိုက်နိုင်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ ကမ္ဘာနှင့်အဝန်း မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ စသည့်အကြောင်းအရာများကို အငယ်တန်းစာရေး ဒေါ်မေထက်ကြိုင်နှင့်အတူ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ဗီဒီယိုဖိုင်ကို အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ တာလေမြို့မှ ဖွင့်လှစ်ထားသည့် Lovely Tarlay Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)