မိုင်းရယ်မြို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို) ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲ  ပြုလုပ်

မိုင်းရယ် ဇွန် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ လူထုအခြေပြုဗဟိုခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ နံနက် ၉ နာရီခွဲတွင် ပန်းချီပြိုင်ပွဲ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလွန်(တပ်တွင်း)ကျောင်းတို့မှ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ခင်မာလာက ပြိုင်ပွဲဝင် ကျောင်းသား/သူများကို ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများက လူထုအခြေပြုဗဟိုခန်းမ၌ ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ နေ့လည် ၁ နာရီတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁)နှင့် မူလွန်(တပ်တွင်း)ကျောင်းတို့မှ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း ၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများ ကျင်းပနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။

မိုင်းရယ် (ပြန်/ဆက်)