ပြင်ဦးလွင် ဇွန် ၁၈
ပညာဘူမိတက္ကသိုလ် တက္ကသိုလ်သဘာပတိ ဆရာတော်ဘုရား ဒေါက်တာနန္ဒမာလာဘိဝံသ၏ လမ်းညွှန်ချက် ဩဝါဒများကို ခံယူလျက် တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်၊ ပါမောက္ခ မော်ကွန်းထိန်း ဆရာတော်များ၊ ပညာရေးအဖွဲ့ ဆရာတော်များနှင့် အနုဂ္ဂဟအသင်း၏ ပံ့ပိုးမှုများဖြင့် ပညာဘူမိတက္ကသိုလ် University of Wisdom Land ၏ သုတဓမ္မဒီပလိုမာ Level 1 နှင့် 2 စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁၃ နာရီမှ စတင်၍ ပြင်ဦးလွင်မြို့ ဓမ္မသဟာယသာသနစင်တာ အပါအဝင် တစ်နိုင်ငံလုံးရှိ စာဖြေဌာန (၃၂) ခု၌ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြောင်း သိရသည်။
မြတ်ဗုဒ္ဓ၏တရားတော်များသည် (Mind Centered Teaching) ဟူသည့် စိတ်ကို ဗဟိုပြု ဆုံးမဩဝါဒပေးသော ဒေသနာတော်များဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းရှိ မြန်မာလူမျိုးအားလုံး မြတ်စွာဘုရား၏ အဆုံးအမ တရားတော်များကို လွယ်ကူသိရှိကြစေရန်၊ မြတ်ဗုဒ္ဓ၏ မူရင်းတရားတော်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြသည့် မျက်မှောက်ခေတ် မြန်မာလူမျိုးများအတွက် မြတ်ဗုဒ္ဓ၏ တရားတော်များကို သင်ကြားပို့ချသွားရန်နှင့် မြန်မာနိုင်ငံတွင် ထွန်းကားပြီးသားဖြစ်သော မြတ်ဗုဒ္ဓ၏ စစ်မှန်သော ဓမ္မတို့ကို သေချာကျနစွာ နားလည်သဘောပေါက်ကြခြင်းဖြင့် မိမိတို့၏ စိတ်အစဉ်တွင် ဓမ္မအသိပညာများ ကိန်းအောင်းကာ လိုက်နာကျင့်သုံးနေထိုင်ခြင်းဖြင့် လောက၊ ဓမ္မရေးရာနှစ်ဖြာတို့၌ ကောင်းကျိုးချမ်းသာ ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီးက အကြီးအကဲတက္ကသိုလ်သဘာပတိ (Chancellor) အဖြစ် တာဝန်ယူကာ ပညာဘူမိတက္ကသိုလ်ကို ဖွင့်လှစ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာဘူမိတက္ကသိုလ် University of Wisdom Land ကို ၂၀၂၂-ခုနှစ်၊ ဒီဇင်လာလ (၃) ရက်နေ့တွင် ဌာန(၅)ခုဖြင့် စတင်တည်ထောင်ခဲ့ပြီး တရားဓမ္မများသင်ကြားကာ သက်ဆိုင်ရာ သုတေသန ကျမ်းစာတစ်ခု ရေးသားတင်သွင်းအောင်မြင်ပြီးပါက ပါဠိသတ္ထဝိဘာဝီ ပါဠိပညာရှင် (Doctor of Literature, D.Litt) ဘွဲ့ထူး၊ တရားဓမ္မများနှင့် ပတ်သက်ပြီး ကျွမ်းကျင်လိမ္မာသည့် ပညာရှင် သုတဓမ္မဝိဘာဝီ Doctor of Philosophy (Ph.D) ဘွဲ့ အစရှိသည့် ဒေါက်တာဘွဲ့ (၂)ဘွဲ့ နှင့် သုတဓမ္မဝေဒီ အသိပညာရှိသည့် ပုဂ္ဂိုလ် Master ဘွဲ့၊ သုတဓမ္မဂဝေသီ B.A ဘွဲ့ စသည့် စုစုပေါင်း (၄)ဘွဲ့နှင့် အဆိုပါ ဘွဲ့များ၏ အခြေခံဖြစ်သော သုတဓမ္မဒီပလိုမာ စာမေးပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပညာဘူမိတက္ကသိုလ် တက္ကသိုလ်သဘာပတိ ဆရာတော်ဘုရား ဒေါက်တာနန္ဒမာလာဘိဝံသ တည်ထောင်ထားရှိသည့် ပညာဘူမိတက္ကသိုလ်မှ ကြီးမှူးကျင်းပသော သုတဓမ္မဒီပလိုမာ Level 1 နှင့် Level 2 စာမေးပွဲကို ယခုနှစ်တွင် စာဖြေသူ (၁၀၀၀၀) ဝန်းကျင်ခန့် ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ကြကာ မြန်မာနိုင်ငံအနှံ့အပြားရှိ စာဖြေ ဌာန (၃၂) ဌာန၌ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၃ နာရီမှ ၁၆ နာရီအထိ ၃ နာရီကြာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြေဆိုခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )