မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက် (Mask) နှာခေါင်းစည်းများလှူဒါန်း

မိုင်းငေါ့    အောက်တိုဘာ     ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် (Mask) နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြရန်အတွက် ယနေ့ နံနက်ပိုင်းက (Mask) နှာခေါင်း စည်းများ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စင်္ကာပူရောက် မိုင်းငေါ့သူ/သား များဖြစ်သည့် အရှင်ဝေပုလ္လနှင့်အဖွဲ့မှ မိုင်းငေါ့မြို့ လောင်ငင်းပရဟိတ အသင်းသို့ (Mask) နှာခေါင်းစည်း (၁၅)ဗူး နှင့် မန်ပင့်ကျေးရွာ ဂိတ်တွင်(၃)ဘူး၊ ကွန်ကောက်ကျေးရွာ ဂိတ်တွင်(၃)ဘူး စုစုပေါင်း(၂၁)ဘူးကို လှူဒါန်းပေးခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ မိမိနေအိမ်ပြင်ပမှ ထွက်ခွာတိုင်း(Mask) နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်အတွက် ယခုလို (Mask) နှာခေါင်းစည်းများ လှူဒါန်း ပေးရခြင်းဖြစ်ကြောင်းနှင့် လောင်ငင်းပရဟိတ အသင်းမှလည်း(Mask) နှာခေါင်းစည်း များကို မိုင်းငေါ့မြိုပေါ်ရပ်ကွက်ရှိ လမ်းသွားလမ်းလာ ပြည်သူများအား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)