ဒေါ့ဖုန်းယန် အောက်တိုဘာ ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်ထုတ်ပြန် ကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ဒေါ့ဖုန်းယန်မြို့အတွင်းရှိ မဲဆန္ဒရှင် စာရင်းများ၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရှိမှုကို ယမန်နေ့ နံနက် ၁၀ နာရီတွင် လာရောက်ကွင်းဆင်း ကြည့်ရှုကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုရာတွင် ဒေါ့ဖုန်းယန်မြို့ပေါ်ရပ်ကွက်အမှတ်(၁)၊ (၂)၊ (၃)နှင့် အူထန်ယန်၊ ဖာကေကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို ပြည်သူများ ကြည့်ရှုနိုင်စေရန် စနစ်တကျကပ်ထားခြင်းရှိ/မရှိ၊ လာရောက်ကြည့်ရှုကြရန် နှိုးဆော်စေခြင်း၊ မဲဆန္ဒရှင်အမည်စာရင်း ထည့်သွင်းရန်တောင်းဆိုခြင်း၊ ပြန်လည်ပယ်ဖျက်ရန် ကန့်ကွက်ခြင်း၊ မှားယွင်းမှုကို ပြန်လည်ပြင်ဆင်ခြင်း၊ လျှောက်ထားခြင်းများကို အချိန်နှင့် တပြေးညီဆောင်ရွက်ပေးရန် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုင်းအုန်းလှိုင်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး စနစ်တကျဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များအား ဖြည့်စွက် မှာကြား ကာ ဒေါ့ဖုန်းယန်မြို့တွင် မဲရုံပေါင်း ( ၁၂ )ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ( ၈၇၁၉ )ဦးရှိပြီး မဲဆန္ဒရှင်များ စနစ်တကျ မဲပေးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မြသက် (ပြန်/ဆက်)