ကလိန်အောင်မြို့တွင် စာဖတ်ဝိုင်းပြုလုပ်

ကလိန်အောင် ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းနှင့် (Youth Club) လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ "မောင်ကျေးဇူး" ရေးသားထားသော "လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က မူးယစ်ဆေးဝါးသည် တစ်ဦးတစ်ယောက်ကိုသာ ထိခိုက်စေသည် မဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးကိုပါ ပျက်စီးစေနိုင်သည့်အတွက် လူငယ်များရှောင်ရှားကြရန်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန်နှင့်‌ လူငယ်များကောင်းသော ဘဝရည်မှန်းချက်ပန်းတိုင်ရှိစေရန်၊ လူငယ်များအားလပ်ချိန်တိုင်း စာကောင်းပေမွန်များ ဖတ်ရှုကြရန်လိုအပ်ကြောင်း‌ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ‌"မောင်ကျေးဇူး "ရေးသားထားသော "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" စာအုပ်ပါ အသိပညာပေးဆောင်းပါးများကို (Book Club) စာပေချစ်သူ များအသင်းဝင် ဒေါ်မိုးမိုး‌အေးက "ရှောင်လေဝေးဝေးမူးယစ်ဆေး "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth  Club) အသင်းဝင် ဦးဖြိုးပြည့်လင်းက "တန်ဖိုးရှိလှလူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဝေဝေလင်း က " မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)