မိုင်းဖြတ်၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ Book Club၊ Women Club၊ Youth Club တို့မှ ပူးပေါင်းစီစဉ် ကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ  အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “လွတ်လပ်ရေး၏တန်ဖိုး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို “လွတ်လပ်ရေးကိုထိန်းသိမ်းပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၈ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

ယင်းနောက် ပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ၊ စာအုပ် ပြပွဲ များကို တက်ရောက်လာကြသည့် မိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)