မိုင်းယောင်း အောက်တိုဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမ အသင်းမှ အသင်းသူ၊ အသင်းသားများ၏ တက္ကသိုလ်ဝင်တန်းအောင် သားသမီးများအား ပညာသင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သမဝါယမဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အသင်းသူ၊ အသင်းသားများ၏ တက္ကသိုလ်ဝင်တန်းအောင် သားသမီး ငါးဦးအနက် လေးဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၅၀၀၀၀ နှင့် သုံးဘာသာဂုဏ်ထူး ရရှိသူ တစ်ဦးအား ကျပ် ၈၀၀၀၀ ကို ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း ဥက္ကဋ္ဌ ဦးစိုင်းအောင်ဇော်လင်း၊ သမဝါယမ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းတင့်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ်အတိုး ၁၁၈၉၆၉၅၀ ကျပ်နှင့် အသင်းသားတစ်ဦးလျှင် အစုပေါ်အမြတ်ငွေ ၂၄၀၀၀ ကျပ်စီဖြင့် စုစုပေါင်း အစုပေါ်အမြတ်ငွေ ၆၀၄၈၀၀၀ ကျပ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ ထုတ်ပေးခဲ့သည်။
မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် အသင်းသား ၅၀ ဦးဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုအခါ အသင်းသား ၂၆၇ ဦးရှိပြီး အသင်းသားများ၏ လူမှုရေးစသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း