ဗန်းမော်မြို့တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး ဆောင်ရွက်

ဗန်းမော်  ဇန်နဝါရီ    ၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် (Kaeru Caravan) ကို ယနေ့ နံနက် ၉ နာရီ ခွဲက ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က Kareru Caravan သည် ဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ပါဝင်သူများအနေဖြင့် လေ့ကျင့်မှုအတွင်း ဘေးအန္တရာယ်ကာကွယ်ရေး အတွေ့အကြုံများနှင့် အသိပညာများ ရရှိစေနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ဗန်းမော်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမင်းခိုင်က အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းအတွက် မီးသတ်ဆေးဘူး လှူဒါန်းပေးအပ်ပြီး အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထုလွမ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍  ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့် ရွှေကူမြို့နယ်တို့မှ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတို့က ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက် အသိပညာပေးအစီအစဉ်တွင် ကစားနည်း(၁ဝ) မျိုးဖြင့် အဖွဲ့လိုက် အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူ (၁၅ဝ)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။     

ကိန်းဖြူ (ပြန်/ဆက်)