(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

နေပြည်တော်   ဇန်နဝါရီ    ၃

ကျောင်းသားလူငယ်များ လွတ်လပ်ရေးနေ့သမိုင်းကြောင်းကို သိရှိစေရန်၊ လွတ်လပ်ရေးကို အမြဲအမှတ်ရစေရန်နှင့် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်သီတာအေးက လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပျဉ်းမနားမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် စာရေးဆရာမ ဒေါ်သက်သက်နွယ် က   လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မွေခံထိုက်သူဖြစ်ပါစေ ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးကြသည်။

ထို့နောက် ခရိုင်ဦးစီးအရာရှိ ဒေါ်သီတာအေးက တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများကို လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းပြီး ထူးချွန်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်း စကား” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် နံရံကပ်ပြဘုတ်များကို ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)