ကျီခါးမြို့၌ နေရပ်ပြန် (၅)ဦးအား အသွားအလာကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြည့် ဆောင်ရွက်

ကျီခါး အောက်တိုဘာ ၁၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိန္ဒိယနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများ မြန်မာ -အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်၀င်ရောက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီ အချိန်က နေရပ်ပြန်(၅)ဦး ကျီခါးမြို့သို့ ထပ်မံ၀င်ရောက်လာကြောင်း သိရသည်။

ယမန်နေ့က ထပ်မံ၀င်ရောက်လာသည့် နေရပ်ပြန်(၅)ဦးမှာ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာမှ အသက်(၁၈)နှစ်၊ အသက် (၃၃)နှစ်၊ အသက်(၂၀)နှစ်၊ အသက်(၂၁)နှစ်နှင့် အသက်(၂၀)နှစ်အရွယ် အမျိုးသား(၅)ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထပ်မံ၀င်ရောက်လာသည့် နေရပ်ပြန်(၅)ဦးအား ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့မှ သက်ဆိုင်ရာ Facility Quarantine Center သို့ စနစ်တကျ ပို့ဆောင်၍ အသွားအလာကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြည့် ဆောင်ရွက်ထား လျက်ရှိကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)