ဟားခါး အောက်တိုဘာ ၁၂
ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ အိမ်ရှင် ဆရာငွန်လျန် (အထက်တန်းပြ ကျောင်းဆရာအငြိမ်းစား) အိမ်ငှား ဒေါ်ရွှေသင်း အသက် (၄၅) နှစ် ၊ နေအိမ် ပေ ၂၆ ပေ ၁၆ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ် နေအိမ်အပေါ်ထပ်တွင် TV ဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဟားခါးခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ ဟားခါးမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂) စီး စုစုပေါင်း (၆) စီးနှင့်အတူ ဟားခါးခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းထွေးနှင့် ဟားခါးမြို့နယ် မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်တို့ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူများက ရေဂါလန် (၄၈၀၀) ခန့်အသုံးပြု၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ် ပေ ၂၆ ပေ ၁၆ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အပေါ်ထပ် မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစာ္ဆန်များ ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း၊ မီးဘေးဒုက္ခသည် (၅) ဦးအား နီးစပ်ရာ ဆွေးမျိုးများ အိမ်သို့ နေရာချထားကြောင်း၊ အိမ်ငှား ဒေါ်ရွှေသင်းအား ဟားခါးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက် ထားရှိကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
အောင်ခွီရှိန်း