မိုင်းကိုင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ (၇၂) နှစ်မြောက် ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းကိုယ်စားပြု ကျောင်းသား ကျောင်းသူ (၁၂)ဦး က မြို့နယ်အဆင့်အဖြစ် ကျွန်ုပ်သာ ဆရာဝန် တစ်ဦးဖြစ်ခဲ့သော်၊ ကျွန်ုပ်သာကျောင်း ဆရာတစ်ဦးဖြစ်ခဲ့သော်၊ ကျွန်ုပ်သာ အောင်ဘာလေသိန်းထီဆုကြီး ပေါက်ခဲ့သော် ဟူသောခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦး က ပြိုင်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများ လိမ္မာရေးခြားရှိလာစေရန်၊ ဦးဆောင်တတ်သော စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန်၊ ခေါင်းဆောင်ကောင်းတို့၏ တတ်မြောက်သင့်သော လူထုပရိသတ်ရှေ့စကားပြောခြင်း အတတ်ပညာများ ကျွမ်းကျင်စွာ တတ်မြောက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုကျပန်း စကား ပြောပြိုင်ပွဲ ကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြိုင်ပွဲအပြီးတွင် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား/သူများအားလုံးကို အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲဝင်ဆုရသူများအားလုံးကို ဇန်နဝါရီလ (၄) ရက်နေ့၊ (၇၂)နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြို့နယ်အဆင့်အဖြစ် ဆုများထပ်မံချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)