ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူ လေးဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်   အောက်တိုဘာ    ၁၂

ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ အောက်တိုဘာလ(၁၀)ရက် နေ့က(၂)ဉီး၊ ယမန်နေ့ ညနေ(၅)နာရီအချိန်က(၂)ဉီး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၄)ဉီးအား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၄)ဉီးမှာ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး(၃)ဉီးတို့ ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ(၂)ဉီး နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ် မှ(၂)ဉီးတို့ဖြစ်သည်။ ၎င်း  နေရပ်ပြန်ပြည်သူများသည်  တရုတ်နိုင်ငံတွင်  ကြက်သားစက်ရုံနှင့်  စိုက်ပျိုး သီးနှံခြံ လုပ်ငန်းများတွင်  သွားရောက် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ  တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့ အထိ အမျိုးသား(၈၅၇၈)ဉီး နှင့် အမျိုးသမီး(၆၉၃၅)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၅၁၃)ဉီး တို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)