မြစ်ကြီးနား ဇူလိုင် ၆
ပြည်ထဲရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲနှင့် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို နံနက် ၈ နာရီခွဲက စတင်ကျင်းပရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ မြစ်ကြီးနား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ မိုးညှင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း တို့၏ ရွတ်ဖတ်ပူဇော်ယှဉ်ပြိုင်ခြင်းနှင့် ဗန်းမော်ခရိုင်အသင်း၊ ချီဖွေခရိုင်အသင်းနှင့် တနိုင်းခရိုင်အသင်း တို့၏ Video Conferencing စနစ်ဖြင့် သတ်မှတ်ချိန်အတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဝန်းသို ကျောင်းတိုက်မှ ဆရာတော်ဥူးစန္ဒာသီရိ၊ ခေမာသီဝံကျောင်းတိုက်မှ ဆရာတော် ဥူးဉာဏောဘာသတို့ ဦးဆောင်သည့် တာဝန်ရှိသူများက အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ကြသည်။
ထို့နောက် ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် ဇနီး၊ အရာထမ်း၊ အမှုထမ်းများ၊ ဝတ်အသင်းအဖွဲ့များက အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးခဲ့ကြသော ဆရာတော်များနှင့် လူပုဂ္ဂိုလ်များအား အမှတ်တရ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလင်းနှင့် ဦးကျော်ဆွေဝင်းတို့က အထူးဆုရရှိသော ဗန်းမော်ခရိုင်အသင်း၊ တနိုင်းခရိုင်အသင်းနှင့် ချီဖွေခရိုင် အသင်းတို့အားလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က တတိယဆုရ မြစ်ကြီးနားခရိုင်အသင်းအားလည်းကောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်လွင်လွင်မော်က ဒုတိယဆုရ မိုးညှင်းခရိုင်အသင်းအားလည်းကောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပထမဆုရ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)