မံစီ အောက်တိုဘာ ၁၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ကျေးရွာများမှ အများသုံး သောက်သုံးရေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေနမူနာများ ကောက်ယူစစ်ဆေးလျက်ရှိရာ ယနေ့နံနက်က မိုင်းခေါင်ကျေးရွာအုပ်စုအတွင်းမှ ရေနမူနာများကို ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
ကျေးရွာများအတွင်းရှိ အများသုံးသောက်သုံးအတွင်း E coli (ဝမ်းပျက်ဝမ်းလျှောဖြစ်စေသည့် ပိုးတစ်မျိုး) ရှိ/မရှိကို စစ်ဆေးနိုင်ရန်အတွက် ရေကန်/ ရေတိုင်တစ်ခုစီမှ ရေနမှုနာများကို ကွင်းဆင်း ကောက်ယူ လျက်ရှိနေပြီး ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျေးရွာများ အားလုံး သန့်ရှင်းသော သောက်သုံးရေရရှိရေး ရည်ရွယ်ချက်အတွက် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ RWS MIS DATA (ကျေးလက်ရေ ရှိရေးလုပ်ငန်း စောင့်ကြည့်လေ့လာခြင်းနှင့် အချက်အလက်စီမံခန့်ခွဲခြင်းစနစ်) တွင် ဖြည့်သွင်းနိုင်ရန်အတွက် ကွင်းဆင်းကောက်ယူစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
မံစီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများ သောက်သုံး ရေရရှိရေးအတွက် ကျေးရွာများတွင် တွင်းနက်များ တူးဖော်ခြင်း၊ လက်တွင်းတူးခြင်း၊ စိမ့်စမ်းရေများ သွယ်ယူခြင်း၊ ကွန်ဂရစ် ရေစင်နှင့် ရေကန်များတည်ဆောက်ခြင်း စသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)