ကျိုင်းတုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်နှင့် ကာယစွမ်းရည် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပထမဦးစွာ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်ပြိုင်ပွဲများနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပရာ ကျိုင်းတုံမြို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးရဲဝင်းထွန်းက လွတ်လပ်ရေးနေ့ အကြောင်းသိကောင်းစရာများကို ဟောပြောပြီး အဆိုပါ(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရကျောင်းသား ကျောင်းသူများအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်ငုချိုချိုကျော်နှင့် တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)